ယင်းမာပင် PDF ခေါင်းဆောင် ဗိုလ်ဂဠုန် ပစ်ခတ်လုပ်ကြံခံရ၍ ကျဆုံး
ယင်းမာပင်၊ ဇွန် ၂၈
လူငယ့်ခေတ်

ဗိုလ်ဂဠုန်သည် အိန္ဒိယနိုင်ငံထုတ် ၉ မမ ကျည်ဖြင့် ၎င်း၏နေအိမ်တံခါး၀တွင် ပစ်ခတ်လုပ်ကြံခံရခြင်းဖြစ်သည်။

ဇွန်လ ၂၈ ရက်တွင် ဗိုလ်ဂဠုန်၏ ရုပ်အလောင်းကို မီးသဂြိုလ်ပေးခဲ့သော်လည်း အမိန့်ပြန်တမ်းကို အထိမ်းအမှတ် ကျောက်တိုင် ပြုလုပ်ပြီးမှသာ ဆောင်ရွက်မည်ဟု ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တာ၀န်ရှိသူကပြောသည်။

“မနေ့က (၂၇ ရက်) ဗိုလ်ဂဠုန် ကျောက်မှော်ဘက်ကိုသွားတယ်။ အပြန်မှာ သူ့အသိဆိုတဲ့ လူ ၂ ဦးပါလာတယ်။ ဗိုလ်ဂဠုန်က သူ့အိမ်ပြန်သွားပြီး ဧည့်သည်နှစ်ယောက်ကိုတော့ စခန်းမှာ အိပ်ဖို့စီစဉ်ပေးခဲ့တာပါ” ၎င်းကပြောသည်။

ဗိုလ်ဂဠုန်လုပ်ကြံခံရပြီးနောက် ဗိုလ်ဂဠုန်နှင့် အတူပါလာသည့် အမည်မသိဧည့်သည် ၂ ဦးသည် ကျေးရွာတွင် မရှိတော့ဘဲ ပျောက်သွားကြောင်း လုပ်ကြံသူ၏သဲလွန်စနှင့်ပတ်သက်၍ ပွိုင့်ဖိနပ်တစ်ဖက်သာ ရရှိခဲ့ကြောင်း ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တာ၀န်ရှိသူကပြောသည်။

“ဗိုလ်ဂဠုန်သွားလေရာပါတဲ့ လူယုံပြောပြတာကလည်း ဧည့်စိမ်းနှစ်ယောက်နဲ့ လမ်းမှာတွေ့တာ၊ သူတို့နှစ်ယောက်ကိုလည်း ဗိုလ်ဂဠုန်ကပဲ ခေါ်လာတာ”ဟု ၎င်းက ပြောသည်။

ယင်းမာပင် မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ခေါင်းဆောင် ဗိုလ်ဂဠုန်သည် စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းမှ စတင်ကာ ဒေသတွင်း တဝိုက်တွင် တော်လှန်ရေး အတွက် လုပ်ဆောင်ခဲ့သူ ဖြစ်ပြီး ၎င်းတို့၏ တပ်ဖွဲ့ သည် အကြမ်းဖက် စစ်ကောင်စီ တပ်များကို နည်းလမ်းမျိုးစုံ အသုံးပြုကာတိုက်ခိုက် တော်လှန်နေသည့် အဖွဲ့တဖွဲ့ ဖြစ်သည်။

ဓာတ်ပုံ- ပစ်ခတ်လုပ်ကြံခံရသည့် ဗိုလ်ဂဠုန်၏ နာရေး