ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့မနက်မွန်းလွဲပိုင်းမှာ နေပြည်တော်အချုပ်ထောင်ကို ပို့ဆောင်လိုက်ပြီ

ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်ကို ပို့ဆောင်လိုက်ပြီလို့ သတင်းထွက်ပေါ်

ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ ဇွန် ၂၂ ရက် မွန်းလွဲပိုင်းမှာ လက်ရှိထိန်းသိမ်းခံထားရတဲ့နေရာကနေ နေပြည်တော်အချုပ်ထောင်ကို ပို့ဆောင်လိုက်ပြီဆိုတဲ့သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်လို့ အကျဥ်းဦးစီးဌာနဘက်ကို ဆက်သွယ်မေးကြည့်တဲ့အခါ မသိရှိကြောင်း ပြောကြားပါတယ်။

စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့ထံလည်း ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားခြင်းမရှိသေးပါဘူး။
မနက်ဖြန် ဇွန် ၂၃ ရက်မှာ နိုင်ငံတော် လျှို့၀ှက်အက်နဲ့ စွဲချက်တင်ခံထားရတဲ့အမှုရုံးချိန်းကို နေပြည်တော်အချုပ်ထောင်တွင်းအထူးတရားရုံးသစ်မှာ ရုံးထုတ်စစ်ဆေးမယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအ၀ိုင်းက သိရပါတယ်။

နေပြည်တော်အချုပ်ထောင်တွင်းမှာ သမ္မတ ဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ထားရှိဖို့ လို့ ယူဆရတဲ့ အဆောက်အဦသစ် နှစ်လုံးတည်ဆောက်တာရှိတယ်လို့သိထားရကြောင်းနီးစပ်သူတွေက ဘီဘီစီကို လွန်ခဲ့တဲ့ လပိုင်းတွေက ပြောကြားထားတာရှိပါတယ်။
အခုတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့မှာပဲ အချုပ်ထောင်ကို ပြောင်းရွှေ့စေတာ ဖြစ်တယ်လို့လည်းနီးစပ်သူတွေက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာသိမ်းတဲ့နေ့ကစလို့ စစ်ကောင်စီရဲ့ဖမ်းဆီးမှုကိုခံထားရပြီး ပုဒ်မပေါင်းတစ်ဒါဇင်ကျော်နဲ့ တရားစွဲဆိုခံထားရသလို ထောင် ၁၁ နှစ်လည်း ချမှတ်ခံထားရပါတယ်။
စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို စစ်အာဏာသိမ်းတဲ့နေ့ ၂၀၂၁ ဖေဖော်၀ါရီလတည်းက မြနန်းဘုံသာလမ်းကနေအိမ်မှာဖမ်းဆီးထိန်းသိမ်းထားတာ ဖြစ်ပြီး ၂၀၂၁ ဧပြီ ၂၃ မှာတော့ အဲဒီနေအိမ်ကနေ နှစ်ရက်အတွင်း စစ်တပ်က ဖယ်ရှားစေခဲ့ပါတယ်။


လက်ရှိ နေပြည်တော်တစ်နေရာမှာ ထိန်းသိမ်းခံထားရတဲ့ဒေါ်အောင်ဆန်းစုကြည်မှာ ထိုက်ချီဒိုအပါအ၀င် အတူနေသူ ၈ ဦးရှိပြီး အခုလိုအကျဥ်းထောင်ဘက်ရွှေ့ပြောင်းလိုက်တဲ့နောက် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဘယ်သူတွေ အတူလိုက်ပါနေထိုင်ခွင့်ရမလဲ၊

ဒေါ်အောင်ဆန်းစုကြည်အတွက် အနီးကပ်စောင့်ရှောက်ခွင့် စတာတွေအတွက် စိုးရိမ်ပူပန်တဲ့မေးခွန်းတွေ လူထုကြားထွက်ပေါ်နေပါတယ်။
နေပြည်တော်အချုပ်ထောင်ဟာ ဇဗ္ဗူသီရိမြို့နယ်မှာတည်ရှိပြီး နေပြည်တော်မြို့တွင်းကနေ ကားနဲ့ဆိုရင် မိနစ် ၂၀ ခန့် သွားရောက်ရတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published.